Saturday, July 4, 2009

Me and Twitter and Thirty

Me and Twitter and Thirty


ဒီနေ့ အီးမေးလ် ထဲမှာ Twitter အတွက် Follower ၂ ယောက်ရှိနေတယ်ဆိုလို့ Twitter ကို ၀င်ကြည့်လိုက်ပါတယ်။ အဲ့မှာ Home ကိုသွားကြည့်လိုက်တော့ အပေါ်မှာ တွေ့ရတဲ့ အတိုင်း ထူးထူးခြားခြား ဖြစ်နေတာ တွေ့လိုက်ရတယ်။ ဘာလဲဆိုတော့ 30 Following , 30 Followes , 30 Updates ဆိုပြီး တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေပါတယ်။ ကျွန်တော်က ၃ ဂဏန်း သမားပါ။ နောက်ပြီး ၃ ဂဏန်းကိုလည်း သဘောကျတဲ့ သူတစ်ယောက်။ ခု လို ဘာရယ်မဟုတ်တိုက်ဆိုင်တဲ့ အတွက် ဖော်ပြလိုက်တာပါ။

မုဒိတာ ပွားနိုင်ကြပါစေ။

သူတော် ( ၄.၇.၂၀၀၉)

၁၈ နာရီ ၃၄ မိနစ်





Friday, June 26, 2009

နှလုံးသား ကြွေးကျန်

နှလုံးသား ကြွေးကျန်


ပုစ္စုပန်ရဲ့ အငိုမျက်နှာကို

လက်ရှိက သရော်တော်တော်.

အတိတ်ရဲ့ စပ်ဖြီးဖြီးက

လွန်ခဲ့သော ရဲ့ မျက်နှာပြောင်တိုက်မှုတစ်ခု..

အနာဂတ်မှာ ဘာတွေဖြစ်မယ်ဆိုတာ..

ကြိုတင်သိမှုတစ်ခုမှာ အကျုံးမ၀င်ခဲ့ဘူး….


ရည်ရည်မွန်မွန်ပါပဲ..

လောကကြီးကို နှုတ်ဆက်တယ်..

သိမ်သိမ်မွေ့မွေ့ပါပဲ..

ပတ်ဝန်းကျင်နဲ့ ဆက်ဆံတယ်..

ဒါပေမဲ့………

အတ္တများမယ်.. မာန ကြီးမယ်.

အရွဲ့တိုက် ရူးသွပ်မှုတစ်ခုခု..

နီးစပ်ရာနဲ့ ပျော်မွေ့တယ်..


တည်ငြိမ်တယ် စိတ်ကစားတယ်

မတိမကျနဲ့ သေချာခဲ့တယ်.

ရယ်မောပြီး လွမ်းဆွေးတယ်

ချောင်းဆိုးပြီး ဆေးလိပ်မီးညှိတယ်.

အသံဝင်လို့ အော် အော် ပြောရတာ..

မနှစ်က စိုက်ခဲ့တဲ့ အပင်လေးတောင်..

ခုထိ အပွင့်မပွင့်သေးဘူး…..


ကျေနပ်တယ် စိတ်တိုင်းမကျဘူး..

နွေရာသီ နှာစီးပြီး..

မိုးတွင်းကြီး အပူရှပ်လို့..

ပြီးခဲ့တဲ့ နှစ်တွေက အကြွေးတွေ တောင်..

ဆပ်ဖို့ ကျန်တာ…

ဆောင်းမှာ အိပ်မက်လို့

ကယောင်ချောက်ခြားဖြစ်..


သူ.. ဒီနှစ်

အကြွေးကြေပါစေ…..။


သူတော်

၂၆।၆.၂၀၀၉ ( ၁၂ နာရီ ၁၇ မိနစ်)


Photo source: Internet




Friday, June 12, 2009

၁၀၀၁







၁၀၀၁


အရင်က ကမ္ဘာကြီးက

လုံးပြီး ၂၃ ၁/၂ ဒီဂရီတဲ့

အခု ကမ္ဘာကြီးက

ပြားပြီ ၁၀၀၁ ဒီဂရီ တဲ့


အပြားကမ္ဘာနဲ့ လူတွေ

၁၀၀၁ စကားတွေပဲပြောတယ်..

အဲ့ဒါတွေနဲ့ပဲ အသက်ရှင်တယ်..

ခုရေးနေတာလဲ ၁၀၀၁ ပဲ..


သမီးရည်းစား စကားပြောလဲ

၁၀၀၁ ပဲ…..

တစ်နေရာနဲ့ တစ်နေရာ စာပို့လည်း

၁၀၀၁ ပဲ…

ဓါတ်ပုံရိုက်လဲ

၁၀၀၁ ပဲ…


အရာအားလုံး

၁၀၀၁ ပဲ..

ဘယ်ချိန် ရှိပြီလဲ..

လက်ကနာရီကို ကြည့်တယ်..

၁၀ ၀၁ နာရီတဲ့…

ငါတို့လည်း..

အပြားကမ္ဘာနဲ့ ၁၀၀၁ နဲ့..

…………………….. ။


သူတော် ( ၁၂.၆.၀၉)

၁၉ နာရီ ၂၉ မိနစ်


Photo source: Internet


Wednesday, June 10, 2009

ငါ့ကိုငါမြင်ခြင်း

ငါ့ကိုငါမြင်ခြင်း
















စကြာဝဠာကြီး အကြောင်းမသိခဲ့သလို

မင်းအကြောင်းလည်း မသိခဲ့ဘူး..

ဒါပေမဲ့..

ကြယ်တွေ ကြွေလို့ လက်ခနဲ့ဖြစ်သွားတာထက်

မင်းမျက်စောင်းတစ်ချက် ကို ဆုတောင်းတယ်။


အသံမဲ့ တိတ်ဆိတ်ခြင်းထက်

စပီကာတွေ အော်ဟစ်တာကို

လိုလားခဲ့တယ်။

ရက်ပ် သီချင်းတစ်ပုဒ်က စာသားတွေလို

ဟိုဘက် တိုးတိုးပြီး ကကြည့်ချင်တယ်။


ဇင်ယော်တွေ မြင်ရပြီ..

ကမ်းခြေနဲ နီးနီးလာပြီ..

မင်းအသံ ကြားနေရပြီ….

လှိုင်းတွေ အဝေးက ပြေးပြေးလာနေတယ်..

ကမ်းခြေကတော့ သူ့ဟာသူ ခပ်အေးအေးပဲ..


မုန်တိုင်းထန်မဲ့ အချိန်တွေ

မလာသေးခင် လေပြည်တွေ တိုက်နေတက်တယ်..

မုန်တိုင်းစဲသွားရင်လည်း လေပြည်တွေ လာဦးမှာ..

တကယ်တော့..

မုန်တိုင်းဆိုတာ လေပြည်ကြားက

နတ်မိစ္ဆာကြီးပဲ…


ငါ့အသက်ဝိဉာည်ကို လာယူလည့်ပါ

အနာဂတ်တွေ မဖြစ်ချင်တော့ဘူး..

အသက်ရှုဖို့ ခဲယဉ်းနေတယ်

အဝေးက အသံသဲ့သဲ့ကြားနေရတယ်..

ဘာဖြစ်လို့ ခေါင်းလောင်းသံတွေတိုးသွားတာလည်း

မြစ်ထဲက တံငါအိုက ကွန်ပစ်မပျက်ပါဘူး..

ငါ… ရေလိုပဲ ပျောက်သွားတယ်..

ငြိမ်းချမ်းပြီးပေါ့……….။


နက်ဖန်တွေဆိုတာ မျှော်လင့်ချက် ရှိသူတွေ ရဲ့ အိပ်မက်မဟုတ်တဲ့ အိပ်ယာထ လက်ဆောင်တွေ ဖြစ်ပါတယ်။


သူတော် ( ၁၀.၆.၂၀၀၉)

၁၈ နာရီ ၀၃ မိနစ်..


Tuesday, June 9, 2009

ဝါသနာပါရာ...




ဝါသနာပါရာ…..


ကိုအောင်ပိုင်စိုး (ဦးလေး) က ကျွန်တော့်ကို Tag ပါတယ်။ ၀ါသနာပါရာတဲ့။ လူတွေမှာ ၀ါသနာ ပါရာတွေတော့ရှိကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တူနေလည်း တူနေနိုင်ပါတယ်။ အဲ့လို လူမျိုးတွေ စုလုပ်ကြတယ်ဆိုရင် ၀ါသနာတူရာတွေ စုစည်းလုပ်ကြတယ်လို့ ပြောတက်ကြပါတယ်။ ဒီ ခေါင်းစဉ်နဲ့ Tag တဲ့ပုံစံ က စာမေးပွဲတွေမှာ အက်ဆေး ရေးခိုင်သလိုမျိုးပေါ့။ My Hobby ဆိုတာမျိုးလေး။ အဲ့ဒီတော့ ကျွန်တော် ဘာတွေများ ၀ါသနာပါလဲပေါ့လေ။


တကယ်တော့ ကျွန်တော်လည်း စာဖတ် ၀ါသနာပါပါတယ်။ ဒါပေမဲ့ ၀ါသနာ ဆိုတာ အများကြီးပါလို့မရဘူးလား။ ကျွန်တော်က နှစ်ခြိုက်တာနဲ့ ၀ါသနာပါတာကို နဲနဲများရောနေလားမသိဘူး။ ဘာလို့လဲဆိုတာ့ ကျွန်တော် စာဖတ်ရတာကို သဘောကျတယ်။ ဖတ်ဖြစ်တယ်။ နောက်ပြီး ခရီးသွားတာကိုလည်း သဘောကျတယ်။ ကြိုက်တယ်။ အဲ့ဒီတော့ ဘယ်ဟာက ၀ါသနာလည်း ဘယ်ဟာက နှစ်သက်တာလည်းဆိုတာ ဖြစ်လာပါတယ်။ နှစ်ခုလုံးကို သဘောကျပါတယ်။ ခရီးကတော့ ကရိကထများပြီး သွားချင်တိုင်း သွားမရပါဘူး။ စာအုပ်ကတော့ ၀ယ်ဖတ်ချင်ရင် ဖတ်။ မ၀ယ်နိုင်ဘူး၊ ၀ယ်လို့ အဆင်မပြေဘူးဆိုရင် ငှားဖတ်ပေါ့။ အဲ့ဒီတော့ စာအုပ်ကို ပိုဖတ်ဖြစ်ပါတယ်။


အားလပ်တဲ့ အချိန်တော်တော်များကို စာအုပ်ဖတ်ခြင်းနဲ ကုန်လွန်ပါတယ်။ အရင်တုန်းက ဆို ၀တ္ထူစာအုပ်တွေ တင်မကဘူး လစဉ်ထွက်တဲ့ မဂ္ဂဇင်းတွေထဲက ခြောက်မျိုးလောက်ကို အမြဲဖတ်ဖြစ်တယ်။ ခုနောက်ပိုင်းတော့ ကိုယ့်ဟာကို တစ်ယောက်တည်း နေလာတော့ စာအုပ်အငှားဆိုင်တွေ မသွားဖြစ်တော့ မဂ္ဂဇင်းတွေ သိပ်မဖတ်ဖြစ် တော့ပါဘူး။ စာအုပ်တွေအနေနဲ့လည်း ငှားမဖတ် အားတော့ဘူး။ စာအုပ်အရောင်းဆိုင် ရောက်မှ ကြိုက်တဲ့ စာအုပ်တွေ့ရင် ၀ယ်ဖတ်ဖြစ်တယ်။


နောက်ပိုင်း အင်တာနက်တွေ အသုံးများလာတော့ အင်တာနက် ၀က်ဆိုဒ်တွေမှာ ရေးထားတဲ့ စာတွေထဲက တစ်ချို့ကို ဖတ်ဖြစ်လာတယ်။ ဘလော့ဂ်တွေ ခေတ်စားပြီး ရေးလာကြတော့ ဘလော့ဂ်စာမျက်နှာတွေ မှာတင်ထားတဲ့ စာတွေ ဖတ်ဖြစ်လာတယ်။ ပရင့်တက်လုပ်ထားတဲ့ စာအုပ်ထက် ကွန်ပျူတာနဲ့ အလွယ်တကူ ဖတ်လို့ရတဲ့ အီးဘွခ် တွေကို အဖတ်များလာတယ်။ စာအုပ်ဖတ် ၀ါသနာပါတာက တစ်ခြား ၀ါသနာပါ တာတွေထက်ကို ပိုကောင်းတယ်ထင်ပါတယ်။ စာအုပ်တွေ စာပေတွေဆိုတာကလည်း လူတွေရဲ့ တိုးတက်လာတဲ့ ယဉ်ကျေးမှု တစ်ခုဖြစ်လေတော့ ဒီစာအုပ်ထဲကပဲ လူ့သမိုင်းတွေ၊ လူ့အကြောင်းတွေနဲ့ လူတွေ နေထိုင်တဲ့ လောက အကြောင်းကို အများကြီး သိနိုင်ပါတယ်။


စာအုပ်ဖတ် ၀ါသနာပါလာတာက လည်း မိဘတွေ ကျေးဇူးကြောင့်ဖြစ်ပါတယ်။ ငယ်ငယ်က ဘုရားသွားတာတို့၊ ဈေးသွားတာတို့ဆို စာအုပ်က အမြဲဝယ်ပေးပါတယ်။ မောင်နှမ လေးယောက်ရှိလေတော့ ကိုယ်ကြိုက်တဲ့ စာအုပ်ကိုယ်ဝယ် ပြီး လဲဖတ်ကြဆိုတော့ တစ်ခါတစ်ခါ သွားရင် အနည်းဆုံး ၄ အုပ်လောက်က ၀ယ်ဖြစ်တယ်။ နောက်ပြီး သာသနာရေးဌာန မှာ အသိရှိတော့ သာသနာရေးက ထုတ်တဲ့ စာအုပ် အ၀ါအထူကြီးတွေဆို ငယ်ငယ်ကတည်းက ဖတ်ဖြစ်တယ်။ ဗုဒ္ဓ၀င်ဖြစ်စဉ်တွေ၊ ၅၅၀ ဇာတ်နိပါတ်တွေ။ ငယ်ငယ်က ဖတ်တယ်ဆိုတော့ အထဲက ဇာတ်လမ်းကိုပဲ ကွက်ဖတ်တာပါ။ ဇာတ်ဟောဖို့ အစချီတာတွေ၊ တရားဟောတာတွေ ဘာတွေ မဖတ်ပါဘူး။ ဒါက အဲ့သလို ငယ်ငယ် ကတည်းက စာဖတ် ၀ါသနာ ပါတာပါ။ ၁၀ တန်းဖြေပြီးနဲ့ ကောလိပ်တက်တဲ့ အချိန်မှာလည်း စာအတော် ဖတ်ဖြစ်တယ်။


အလုပ်ထဲရောက်တဲ့ အချိန်ကြမှ စာအုပ်ကို လက်နဲ့ကိုင်ပြီး သေချာ မဖတ်ဖြစ်တော့တာ။ ဒါပေမဲ့ အင်တာနက် စာမျက်နှာတွေ၊ ဘလော့ဂ်တွေပေါ်က စာတွေနဲ့ အီးဘွခ် တွေဖတ်ပြီးတော့ လည်း အဆင်ပြေနေတာပါပဲ။ စာအုပ်ဖတ်ချင်တဲ့ စိတ်ရှိလာအောင်၊ စာဖတ်ဝါသနာပါသွားအောင်လုပ်တဲ့ မိဘတွေကိုပဲ ကျေးဇူးတင်ရမှာပါ။ ခုနောက်ပိုင်း လူငယ်တွေ စာသိပ်မဖတ်တော့ဘူးထင်ပါတယ်။ သူတို့လည်း လုပ်စရာတွေ များပြီး တခြားခြားသော ဟာတွေမှာ သွားပြီး ၀ါသနာပါကြတယ် ထင်ပါတယ်။ ဒါပေမဲ့ အဲ့ဒါ မကောင်းဘူးလို့မြင်တယ်။ စာအုပ်ဖတ် ၀ါသနာ မပါဘူးဆိုရင်တောင် စာအုပ်တွေကိုတော့ ဖတ်သင့်သလောက်တော့ ဖတ်သင့်တယ်လို့ မြင်ပါတယ်။


ကိုအောင်ပိုင်စိုး Tag ထားတဲ့ ၀ါသနာပါရာ ဆိုတဲ့စာလေးရေးရင်းနဲ့ပဲ စာအုပ်သိပ်မဖတ်ဖြစ်တဲ့ သူတွေ ၊ စာဖတ်ဝါသနာမပါတဲ့ လူငယ်တွေကို ၀ါသနာ မပါဘူးဆိုရင်တောင် တဖြည်းဖြည်းဖတ်ကြည့်ပါလို့ ပြောချင်ပါတယ်။


ဘ၀ အတွက်အသုံးဝင်သော စာကောင်းစာမွန်များ ကို ဖတ်ရှု့ကြပြီး တိုးတက်နိုင်ကြပါစေလို့…..


သူတော် ( ၉.၆.၂၀၀၉)

အင်္ဂါနေ့ ( ၂၀ နာရီ ၁၆ မိနစ်)


Photo source: Internet



Saturday, June 6, 2009

Play with photofunia

ဘလော့ဂ်ရေးစရာ အတွေးတွေ မရှိတာနဲ့ မလုပ်တာ ကြာပြီဖြစ်သော photofunia ဆိုဒ်လေးကို ၀င်ဖြစ်တယ်။ အဲ့ဒါနဲ့ပဲ နှုတ်ခမ်းနီမလေးတွေရဲ့ အသဲကျော် (အသဲတွေကျော်ကျော်သွားသော) ဖိုးသူတော် ဓါတ်ပုံလေးတွေနဲ့ပဲ လုပ်ကြည့်ဖြစ်တယ်။ အောက်မှာ ပြထားသော ပုံလေးတွေ ဖြစ်ထွန်းလာပါတယ်။ ဘလော့ဂ် လာကြည့်သော မိတ်သင်္ဂဟများ နားလည်မှုအပြည့်ရှိပြီး မုဒိတာပွား စိတ်ထဲမှာဟားနိုင်ကြပါစေ။
ဖိုးသူတော် ( ၆.၆.၀၉)







Sunday, May 31, 2009

သုခရိပ်မြုံ လူမှုထောက်ပံ့ရေးစီမံချက် (Happy Haven Humanitarian Project)

သုခရိပ်မြုံ လူမှုထောက်ပံ့ရေးစီမံချက် (Happy Haven Humanitarian Project)


ကျွန်တော်ဒီနေ့ (၃၀.၅.၀၉) ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်း ဒဂုံမြို့သစ် အရှေ့ပိုင်း (၁၁) ရပ်ကွက်၊ တပင်ရွှေထီးလမ်း တွင်ရှိသော သုခရိပ်မြုံလူမှုထောက်ပံ့ရေးစီမံချက် ဂေဟာ လေးကို ရောက်ခဲ့ရှိပါသည်။ ထို ဂေဟာလေးသည် HIV ပိုးဝင် ရောက်နေသော မိဘမဲ့ ကလေး သူငယ်များအား စနစ်တကျ ပြုစုစောင့်ရှောက်ထားသော ဂေဟာလေး ဖြစ်ပါသည်။ လက်ရှိတွင်ဂေဟာလေးတွေ ကလေး သူငယ် စုစုပေါင်း ( ၃၀ ) ခန့်ရှိပါသည်။ ကျွန်တော် နဲ့ ကျွန်တော့သူငယ်ချင်း ၂ ယောက် သွားရောက်ပြီး ကလေးများအတွက် ဆန် ၁ အိတ် လှူဒါန်းခဲ့ပါသည်။ ဂေဟာ ရှိ အသက် အငယ်ဆုံး ကလေးမှာ ၃ နှစ် ခွဲ သာ ရှိသေးသည်။ ကလေးများမှာ ဒဂုံမြောက်၊ဒဂုံတောင် စသည်တို့ အပြင် သုံးဆယ်၊ ဇီးကုန်း၊ မော်လမြိုင်၊ ကရင်ပြည်နယ်ဘက်က ကလေးငယ်များပါ ပါသည်။ ကျွန်တော်တို့ ရောက်ရှိချိန်မှာ ညနေပိုင်း ကလေးများ ထမင်းစားချိန်နှင့် တိုက်ဆိုင်နေသဖြင့် ကလေးများ ထမင်းစားသည်ကို သွားရောက်ကြည့်ပါသည်။ ဟင်းမှာ ၀က်သားနှင့် ကန်းစွန်းရွက်ကြော်ဖြစ်ပြီး ထမင်းမှာလည်း ကောင်းပါသည်။ ကလေးများအား သေချာ ကျွေးမွေးပါသည်။ ထမင်းစားပြီး သိပ်မကြာခင်မှာ ကလေးငယ်များသည် ပျော်ပျော်ရွှင်ရွှင်ကစားကြပါသည်။ ထို့နောက် ကျွန်တော် တို့လည်း ပြန်ခဲ့ကြသည်။

အောက်တွင် ဂေဟာမှ ပေးသောလက်ကမ်းစာစောင်မှ အကြောင်းလေးများဖော်ပြထားပါသည်။ စိတ်ပါဝင်စားသော စေတနာရှင်များမှ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။


ဖိုးသူတော် ( ၃၀.၅.၀၉)

သုခရိပ်မြုံ လူမှုထောက်ပံ့ရေးစီမံချက်


ယခုအခါ AIDS ရောဂါဆိုးကြီးသည် လူ့အဖွဲ့အစည်းတွင်မိသားစုများစွာကို ရက်စက်စွာ ခွဲထုတ်ဝါးမျိုးလျက်ရှိပါသည်။ လွန်ခဲ့သော (၂၇)နှစ်ကျော် ကာလကတည်းက သန္ဓေတည်လာသော HIV ရောဂါပိုးသည် မိမိတို့ဝင်ရောက်ခိုကပ်နေသော သူများ၏ အသက်ဇိဝိန်ကို ဆွဲနှုတ်ယူငင်သွားသော အခါ ၎င်းတို့၏ ကလေးငယ်များသည် လောကအလယ်တွင် သိမ်ငယ်စွာ ကျန်ရစ်ခဲ့ကြပါသည်။

ထိုကျန်ရစ်ခဲ့သော ကလေးငယ်များအနက် ရောဂါပိုးမရှိသူများကို ဆွေမျိုးညာတိများက သနားကြင်နာစွာ ကြည့်ရှု့စောင့်ရှောက်ခြင်းရှိသကဲ့သို့ ဆွေမျိုးညာတိမရှိသူများကိုလည်း မိဘမဲ့ကလေးဂေဟာများက နှစ်လိုစွာလက်ခံကြပါသည်။

သို့သော် ရောဂါပိုးရှိနေပြီးဖြစ်သော ကလေးငယ်များအတွက်မူ အခက်အခဲ များစွာရှိနေပါသည်။ မိဘနှစ်ဦးစလုံး AIDS ရောဂါဖြင့် ဆုံးပါးသွားသူများ၊ မိဘတစ်ဦး ဆုံးပါးသွားပြီး ကျန်တစ်ဦးမှာလည်း ရောဂါဝေဒနာ ခံစားနေရသဖြင့် ကလေးငယ်အား မစောင့်ရှောက်နိုင်တော့သော အခြေအနေသို့ ရောက်ရှိနေသူများ၊ အခြေအနေအရပ်ရပ်ကြောင့် လက်ခံစောင့်ရှောက်ထားရသော်လည်း ကလေးငယ်အပေါ်မနှစ်မြို့သဖြင့် ငြူစူမှုမျိုးစုံအောက်တွင် သိမ်ငယ်စွာခံစားနေထိုင်ကြရသူများ၊ အကြောင်း ကြောင်းကြောင့် စောင့်ရှောက်မည့်သူ မရှိသောသူများ-- အစရှိသော ကလေးငယ်များအား မိဘမဲ့ ကလေးဂေဟာများတွင် ရောဂါကင်းစင်သော သာမန်ကလေးငယ်များ နှင့်အတူ ရောနှောထားလျှင်လည်း မလိုလားအပ်သော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများ ရရှိလာနိုင်ပါသည်။ ထို့ကြောင့် ကြင်နာစွာ စောင့်ရှောက်သူ ကင်းမဲ့နေသော ရောဂါပိုးရှိသူကလေးများအတွက် မိသားစုသဖွယ် စောင့်ရှောက်မှု ပေးနိုင်သော သီးသန့်ဂေဟာတစ်ခု လိုအပ်လာပါသည်။

HIV ရောဂါပိုးကြောင့် ရောဂါဝေဒနာ ခံစားနေရသော ကလေးငယ်နှင့် HIV ရောဂါပိုး၏ ဆိုးကျိုးများ သက်ရောက်မှုခံယူနေရသော ကလေးငယ်များ (HIV infected & affected children) ကို ကြင်နာစွာဖြင့် ၎င်းတို့၏ အသက်ရှင်နေထိုင်နိုင်သမျှ ကာလအပိုင်းအခြားတွင် မိသားစုအခွင့်အရေးများ တက်နိုင်သမျှ အပြည့်အ၀ ရရှိခံစားနေထိုင်နိုင်ရေးကို ရှေ့ရှု့၍ ကိုယ်ချင်းစာ တရား လက်ကိုင်ထားသောသူများ စုပေါင်းကာ တက်နိုင်သမျှသော မ,တည်လှူဒါန်းငွေဖြင့် သုခရိပ်မြုံ လူမှုထောက်ပံ့ရေးစီမံချက်ကို စတင်အကောင်အထည် ဖော်ခဲ့ကြပါသည်။ ရေရှည်တည်တံ့နိုင်ရေးအတွက် အများပြည်သူစေတနာရှင်များ၏ အလှူငွေများဖြင့် ဆက်လက်လည်ပတ်သွားမည်ဖြစ်ပါသည်။


အဖွဲ့အမည် ။ သုခရိပ်မြုံ လူမှုထောက်ပံ့ရေး စိမံချက်


တည်နေရာ ။ အမှတ် ( ၉၇၉-၉၈၂)၊ တပင်ရွှေထီးလမ်း၊

ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ (၁၁)ရပ်ကွက်၊ ရန်ကုန်မြို့။

(မထသ ၃၆ ဘတ်စ် အစိမ်း၊ တံတားထိပ်မှတ်တိုင်ရှေ့)


ဖုန်းနံပါတ် ။ ၅၈၁၉၅၅


ရည်ရွယ်ချက် ။ HIV ပိုးဝင်ရောက်နေသော မိဘမဲ့ ကလေးသူငယ်များအားစနစ်တကျ

ပြုစုစောင့်ရှောက်၍ မိသားစု ပုံစံဖြင့် ကြင်နာမှုပေးရန်။


လုပ်ငန်းစီမံချက် ။ အလှူရှင်များက လှူဒါန်းသော အလှူငွေဖြင့် ၀ယ်ယူထားသော

အသင်းပိုင်မြေနေရာတွင် အဆောင်များ ဆောက်လုပ်ပြီး တစ်ဆောင်တွင် ကလေး(၁၀)

ဦးခန့် ထားရှိ စောင့်ရှောက်ရန်။ အလှူငွေပေါ်မူတည်၍ အဆောင်အရေအတွက်

တိုးချဲ့ဆောက်လုပ်ရန်။


လက်ခံမည့်ကလေးများ ။ (၁) အမိအဘ နှစ်ဦးလုံး မရှိတော့သော HIV ပိုး

ဝင်ရောက်နေသည့် ကလေးများ။

(၂) အမိအဘ တစ်ဦးရှိသော်လည်း ဝေဒနာ ခံစားနေရ၍ ကလေးအား ပြုစု

စောင့်ရှောက်နိုင်သည့် အခြေအနေမရှိသည့် ကလေးနှင့်

(၃) အခြေအနေအရပ်ရပ်ကို ထောက်ရှု၍ ပြုစုပျိုးထောင်ရန် လိုအပ်သည့်

မိဘမဲ့ မဟုတ်သည့် HIV ပိုးရှိသည့် ကလေးများ။


အသက်ကန့်သတ်ချက် ။ ( ၁ နှစ်ခွဲမှ ၁၂ နှစ်ထိ)


ဝန်ထမ်းရွေးချယ်ချက် လူမှုဝင်ထန်းကိစ္စများကို စိတ်ပါဝင်စား၍ ဆေးပညာ တတ်မြောက်သောသူများ ခန့်ထားခြင်း (ဥပမာ- အငြိမ်းစားသူနာပြုဆရာမများနှင့် အခြားဆေးပညာရှင်များကို အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်စေခြင်း၊ သူနာပြုအကူများအား ကလေးများကို အနီးကပ် ကြည့်ရှု့စေခြင်း။) ၀န်ထမ်းငယ်များ အဖြစ်သူနာပြုစုခြင်းနှင့် ကလေးသူငယ်စောင့်ရှောင်ခြင်းကို စိတ်ပါဝင်စားသောသူများ၊ HIV ပိုးဝင်ရောက်ပြီး ဖြစ်သော်လည်း ကျန်းမာရေးကောင်းမွန်ပြီး လုပ်အားကို အပြည့်အ၀ အသုံးပြုနိုင်သူများကို ခန့်ထားရန်။


ပြုစုစောင့်ရှောက်မှု ။ ကလေးငယ်များ၏ စားဝတ်နေရေးအတွက် သန့်ရှင်း၍ အာဟာရပြည့်ဝသော အစားအစာများကို ၀န်ထမ်းများကိုယ်တိုင် ချက်ပြုတ် ကျွေးမွေးစေခြင်း၊ နေရာထိုင်ခင်းနှင့် အ၀တ်အထည်အသုံး အဆောင်များကို သန့်ရှင်းသပ်ရပ်စွာ စနစ်တကျ အသုံးပြုစေခြင်း စသောကိစ္စရပ်များကို အမှုဆောင်အဖွဲ့မှ အလည့်ကျ သွားရောက်ကြီးကြပ်လမ်းညွှန်ခြင်း။


ကျန်းမာရေး ။ ကလေးငယ်များ၏ ကျန်းမာရေးကို ကျန်းမာရေးဆိုင်ရာဝန်ထမ်းများက အချိန်ပြည့် ကြည့်ရှု့ပြီး အမှုဆောင်အဖွဲ့ဝင်များ အပတ်စဉ်သွားရောက်ကြည့်ရှု့ခြင်းနှင့် နေ့စဉ် (၂၄)နာရီ ကာလပတ်လုံး တစ်စုံတစ်ရာ ကျန်းမာရေးချို့ယွင်းမှုရှိပါက အချိန်မရွေးကုသမှုခံယူရန်နှင့် လိုအပ်ပါက အထူးကုဆရာဝန်ကြီးများ နှင့်ပြင်ပလူနာပြသခြင်း၊ ဆေးရုံတင်ကုသခြင်းများ ပြုလုပ်ခြင်း။


ပညာရေး ။ (၁) ကလေးများအား ပြင်ပ ပညာသင်ကြားရေးစနစ်ဖြင့် ဆရာ/ ဆရာများ ငှါးရမ်း ပညာသင်ကြားခြင်းနှင့် အတန်းပညာရရှိစေရန် ပရဟိတဂေဟာများတွင် ဖွင့်လှစ်ထားရှိသော မူလတန်းကျောင်းများ၌ စာမေးပွဲဝင်ရောက်ဖြေဆိုခွင့်ရရှိအောင် စီစဉ်ပေးခြင်း။

(၂) လက်မှုလုပ်ငန်းနှင့် ပန်းချီပန်းပုစသော အနုပညာဝါသနာပါသော ကလေးများအား အရွယ်အလိုက် အသိဥာဏ်ဖွံ့ဖြိုးမှုနှင့် ကိုက်ညီသော ပညာသင်ကြားမှု ပြုလုပ်ပေးရန်နှင့် အသက်မွေးဝမ်းကျောင်းအတွက် သက်ဆိုင်ရာ ပညာရပ်များ သင်ကြားပေးရန်။

(၃) ကလေးများအားလုံးအတွက် ကျန်းမာရေးနှင့် ပျော်ရွှင်ရေးအတွက် သင့်တော်သော နေရာထိုင်ခင်းများနှင့် ကစားနည်းများပြုလုပ်ပေးရန်။


ဆက်သွယ်လှူဒါန်းရန် ။ (၁) ဒေါ်သန်းမြင့်အောင် (၀၉-၉၉-၂၈၅၄၉)

(၂) ဒေါက်တာ တင်တင်ဝင်း ( ဂျူး)

( ၀၉-၅၀၀-၆၉၀၀၊ ၀၁-၇၀၄၆၅၆)

(၃) ဒေါက်တာ ထားထား ( စုထား )

( ၀၉-၂၀၁-၇၉၆၁)

(၄) ဒေါ်မြင့်မြင့်ခင်ဖေ ( ရွှေဇီးကွက်)

( ၀၉-၅၁၂-၇၀၀၅၊ ၀၁-၆၆၅၈၂၄)

(၅) ဒေါ်ကလျာထွန်း

( ၀၉-၅၁၆-၇၉၃၁၊ ၀၁-၇၀၅၉၈၈)

Sunday, April 26, 2009

ဒီနေ့ ဘလော့ဂ်ရေးခြင်း

ဒီနေ့ ဘလော့ဂ်ရေးခြင်း


ဒီနေ့တော့ Ultra surf U94 လေးပွင့်တာ နဲ့ ဘလော့ဂ်လေးထဲ ၀င်မိလိုက်တယ်။ ကော်နက်ရှင် အခက်အခဲတွေကြောင့် ဘလော့ဂ်လည်း ဖုန်တက်နေတာ ကြာပြီလေ။ တစ်ကယ်တော့ မေးလ်တူဘလော့ဂ်ဂါကနေ သုံးရင်တော့ ရသားပဲ. ဒါပေမဲ့ စာတွေ ကဗျာတွေ မရေးဖြစ်တာက တစ်ကြောင်း၊ အလုပ်များနေတာက တစ်ကြောင်းကြောင့် မသုံးဖြစ်ဘူးဖြစ်နေတယ်။


မနက်ဖန်ဆိုရင် စာမေးပွဲက ဖြေရဦးမယ်။ mid term ခေါ်မလားပဲ။ အဲ့လိုစာမေးပွဲကလေးက ရှိသေးတယ်။ ကျောင်းနဲ့က ၅ နှစ်လောက်ဝေးနေပြီးမှ ပြန်တက်ပြီး စာမေးပွဲဖြေရတော့ တမျိုးတော့ဖြစ်သား။ စာလည်းမရသေးဘူးလေ။ ဟတ်ဟတ်။ ဒါပေမဲ့ တာဝန်အရတော့ ဖြေရဦးမယ်။ သိထားတာလေးတွေ ရ ထားတာလေးတွေကို။ စာမေးပွဲက ဧပြီ ၂၇ ကနေ မေ လ ၆ ရက်နေ့ထိတောင် ဖြေရမယ်။ ဒါပေမဲ့ အင်တာနက်ကတော့ သုံးဖြစ်နေမှာပါ။


ဒီနေ့ ၂၆।၄।၀၉ က ကိုအရုပ်ကလေး(Idulize) ရဲ့မွေးနေ့လို့သိရတယ်။ ပျော်ရွှင်ချမ်းမြေ့ပါစေ ကိုအောင်လေး။ နောက်ပြီး ကျွန်တော်မိတ်ဆွေ ကိုမျက်လုံး ရဲ့ သားမွေးနေ့လို့လည်း သိရတယ်။ သားသားရေ မွေးနေ့မှ သည် ကျန်းမာပျော်ရွှင်ပြီး အဖေ့ထက်တော်တဲ့ သားသားတစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။


စာမေးပွဲပြီးမှ ရေးမယ်လို့ တွေးထားတာလေးတွေ ရေးဦးမယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေ ဆုံပြီး ပြောကြဆိုကြတာလေးတွေထဲမှာ ကောင်းတာလေးတွေ ရှိတယ်။ အဲ့ဒါလေးတွေကို ကိုယ့်အမြင်နဲ့ ကိုယ်ပြန်ရေးဦးမယ်။ စာဖတ်သူအားလုံးပဲ စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာကြပါစေ..

သူတော် ( ၂၆.၄.၀၉)

Friday, April 10, 2009

ထူးခြားတယ်

ထူးခြားတယ်

နေ့လည်ခင်း အင်တာနက်သုံးနေရင်း ဆိုဒ်တစ်ခု ကို ရောင်းရမ်းပြီးနှိပ်မိလိုက်တာ ဖွင့်လို့ရနေတာ တွေ့ရတယ်။ တကယ်တော့ ဆိုဒ်က ဘလော့စပေါ့ဆိုဒ်ကြီး.. ဟာတယ်ဟုတ်ပါလားလို့ပေါ့.. ညက သားဖြိုးတို့ပြောထားတဲ့ ညပိုင်းဆို ဘလော့ဂါဒေါ့ကွမ်းကြီးပွင့်တယ် ဆိုတာကိုလည်းသွား သတိရပြီးတော့ ဖွင့်ကြည့်လိုက်တော့ ..အလဲ့ မောင်မင်းကြီးသားဆိုဒ်က ပွင့်သွားတယ်။ အဲ့ဒါ နဲ့ မရေးပဲ ပစ်ထားတာ နဲနဲကြားနေတဲ့ ဘလော့ဂ်လေး ကို ဒီပို့စ်လေးနဲ့ အသက်ဆက်လိုက်ပါတယ်။ မနက်ဖန်(၁၁.၄.၀၉) နေ့လည် ၂ နာရီ မှာ ဆိပ်ကမ်းသာလမ်းက မြစံပယ် ကဖေးမှာ ကဗျာရွတ်ပွဲလေး ရှိတယ်တဲ့။ သွားလိုက်ဦးမယ်။ MOWA နဲ့ မြက်ခင်းသစ်သုခုမလွင်ပြင်က ပေါင်းလုပ်တာတဲ့။ ညနေဘက် ကိုဘလာဂေါက်ကြီး တိုက်မဲ့ ဘီယာလည်း သောက်ရဦးမယ်.. ဟတ်ဟတ်။

ကဲကဲ တော်လောက်ပြီးထင်တယ်.. တော်ကြာ ဗြုန်းဆို ပြန်ပိတ်သွားလို့ နားကားနေဦးမယ်….

မုဒိတာပွားနိုင်ကြပါစေ…

သူတော်(၁၀.၄.၀၉)

Saturday, March 7, 2009

ယုံယုံမယုံယုံ ကံကိုယုံ

ဓာတ်ပုံကို ဤနေရာ ရယူပါသည်။


မနေ့က ၆.၃.၀၉ သောကြာနေ့ ညချမ်းတွင် ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ၁၀ မိုင်ကုန်း လူငယ်များ၏ တတိယအကြိမ်မြောက် ဓမ္မပူဇာတရားပွဲများ ကျင်းပရာ နောက်ဆုံးနေ့ တွင် ဟောပြောမည့် ရဟန်းတော်မှာ အရှင် ရာဇိန္ဒ (ရဝေနွယ် -အင်းမ ) ဖြစ်ပါတယ်။ ကျွန်တော်လည်း အပြင်က ပြန်လာတာ ၁၀ မိုင်ကားဂိတ်ရောက်တော့ သူငယ်ချင်းတွေက တရားပွဲသွားမယ်ပြောတာနဲ့ လိုက်သွားဦးမှ ဆိုပြီ တရားပွဲကို သွားခဲ့ပါတယ်။


တရားပွဲရောက်တော့ စတောင် ဟောနေပြီ။ ဘုန်းကြီးလဲ ခရီးပန်းလာတယ်လို့ပြောတယ်။ မုံရွာကနေ မန်းလေး မန်းလေးက နေ ရန်ကုန် ပြန်လာရလို့ တရားပွဲကို တစ်နာရီခွဲလောက်ပဲဟောပြီး ၁၀ နာရီ မခွဲခင် သိမ်းသွားပါတယ်။

တရားခေါင်းစဉ်က ယုံယုံမယုံယုံ ကံကိုယုံ တဲ့॥

ကျွန်တော် ရောက်ရောက်ချင်းချင်း ဟောနေတာက ရုပ်မလှ ရင် အတိတ်ကုသိုလ်ကံက အကျိုးမပေး။ ဒါကြောင့် ရုပ်လှအောင်လုပ်ရမယ်။ ရုပ်လှချင်ရင် ဂုဏ်တော်ကို များများပွားရမယ်။ နောက်ပြီး အလှပြင်ဆိုင်သွားရမယ်တဲ့ ။ နောက်တစ်ခုက မင်းဆိုးမင်းယုတ်တွေ အုပ်ချုပ်နေရင်လည်း အတိတ်ကုသိုလ်ကံက အကျိုးမပေးနိုင်ပါဘူး ဆိုပြီး သီဟိုဠ် ကျွန်းက ဇာတ်လမ်းတစ်ပုဒ် ကို ဥပမာပေးပြီး ဟောသွားပါတယ်။ ရခဲ့လှတဲ့ လူဘ၀မှာ ၀ိပဿနာ တရားကိုလည်း အားထုပ်ရမယ်လို့ ဟောပါသေးတယ်။ လူတစ်ယောက်တစ်နေ့မှာ နာရီဝက်လောက် အချိန်ယူပြီးတော့ ဘုရားရှိခိုး တရားစာရွက် မေတ္တာပို့ အမျှဝေ ၀ိပဿနာ လေးပွားများရင် ကောင်းပါတယ် တဲ့။ ဘာပဲပြောပြော တရားပွဲ သွားရောက်ပြီး တရားနာရတဲ့အတွက် အသိတရားလေးတွေ ရရှိပါတယ်။ နောက်များလည်း အခါအခွင့်သင့်လို့ တရားပွဲလေးများ ရှိရင် သွားရောက်နာကြားလိုပါတယ်။



မုဒိတာပွားနိုင်ကြပါစေ…

သူတော် ( ၇.၃.၀၉) စနေနေ့



Tuesday, March 3, 2009

မြူတွေနဲ့ ရန်ကုန်

မြူတွေနဲ့ ရန်ကုန်

ခုတစ်လော ဘလော့ဂ်မှာ ဓာတ်ပုံတွေ တင်တာ လက်တွေ့နေလို့ ဓာတ်ပုံတွေချည်း တင်ဖြစ်နေတယ်။ ပြီးခဲ့တဲ့ တစ်ပတ် ကျွန်တော် စာမေးပွဲသွားဖြေဖို့ စောစော အိပ်ယာထတုန်း မြူတွေ ဆိုင်းနေတာ တွေ့တာနဲ့ အတူနေ သူငယ်ချင်း တစ်ဦးကို နှိုးပြီး သူ့ကင်မရာလေး နဲ့ လိုက်ရိုက်ထားတဲ့ ပုံလေးတွေကို ရန်ကုန်ဆောင်းတွင်း အမှတ်တရ တင်ပေးလိုက်ပါတယ်။ မကြာခင် ဆောင်းကုန်ပြီး တော်တော်ပူမဲ့ နွေက လာတော့မှာကိုး။ ဓာတ်ပုံလေးများက ကျွန်တော့် သူငယ်ချင်းနဲ့ ကျွန်တော် တစ်ယောက်တလည့် ရိုက်ထားတဲ့ ပုံလေးတွေပါ॥ ခံစားကြည့်ပါ। ကင်မရာကတော့ သာမန်မိသားစုသုံး ဆမ်ဆောင်း ကင်မရာဖြစ်ပါတယ်။







ကားတွေလည်း မီင်္းထိုးမောင်းနေရတယ်..







ဒါက မြူနှင်းတွေကြားက သူတော် :P ( မျက်နှာသစ်ပြီးပြီးချင်းထွက်လာတာ)


သူတော်(၃.၃.၀၉) အင်္ဂါနေ့



Saturday, February 28, 2009

တစ်ကိုယ်တော် အလွမ်း


ဥသြငှက်ကလေးရေ…


ဥသြငှက်ငယ်.. မင်းတွန်မြည်သံ

လွမ်းဆွေးသံလား ကြေကွဲသံလား

ထွက်ကြည့်မိတော့ ပင်ဖျားမှာနား

မင်းတစ်ကောင်တည်း တွန်နေဆဲ…


သူတော်(၂၈.၂.၂၀၀၉)


Sunday, February 22, 2009

10 Fascinating Facts About Abraham Lincoln

အမေရိကန်သမ္မတ အေဗရာဟင် လင်ကွန်း အကြောင်းရေးထားတဲ့ စာအုပ်စာပေတွေများစွာရှိတယ်။ ကျွန်တော် ပြီးခဲ့တဲ့ တစ်ရက်က MSN မှာ တွေ့လိုက်တာနဲ့ ဒီအချက်လေးတွေကို ဘာသာပြန်ပြီး ဘလော့ဂ်မှာ တင်ချင်တာနဲ့ တင်လိုက်တာပါ။ ပုံစံတူ ရှိကောင်းလည်းရှိမှာပါ။ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ ခနော်နီခနော်နဲ့ ဘာသာပြန် ချက်များနဲ့ ပြန်လိုက်တာပါ။ မူရင်းကို တော့ ဒီမှာ သွားဖတ်လို့ရပါတယ်။ စုစုပေါင်း အချက် ၁၀ ချက်ပါ။ လောလောဆယ်ဆယ် အကုန်ပြန်မပြီးသေးလို့ ပြီးသလောက်လေးပဲ တင်ထားလိုက်ပါတယ်။ ( အရှည်ကြီးတွေ ပြန်ရတယ်ဆိုတော့॥ :P )

ကျေးဇူးတင်ပါတယ်။


အမေရိကန် သမ္မတ အေဗရာဟင် လင်ကွန်း ကို သမိုင်းဆရာအများစုကတော့ အမေရိကန်ရဲ့ အကြီးအကျယ်ဆုံး သော သမ္မတကြီးဖြစ် အဖြစ် ပြောဆိုရေးသားကြပါသည်။ အမေရိကန်မှာရှိတဲ့ အဆောက်အဦတွေ လမ်းတွေ တော်တော်များများဟာလည်း သူ့နာမည်ကို ဂုဏ်ပြုမှည့်ခေါ်ထားပါသည်။ သို့သော်ငြားလည်း ယနေ့ထိတိုင်အောင် သမ္မတကြီးနဲ့ ပတ်သက်ပြီး လူသိနည်းတဲ့ ဖြစ်ရပ်ပေါင်းများစွာဟာ တနည်းအားဖြင့် ကျောင်းဖတ်စာအုပ်ထဲမှာ မပါပဲ ကျန်ခဲ့တဲ့ အချက်ကလေးတွေ ရှိနေပါသေးသည်။ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၁၆ ဆက်မြောက် အမေရိကန် သမ္မတကြီးရဲ့ နှစ် ၂၀၀ ပြည့် အောင်းမေ့ဘွယ်မွေးနေ့အခမ်းအနားတွက် သမိုင်းတွင် လူသိများတဲ့ အချက် ၁၀ ချက်ကို ဓာတ်ပုံများနဲ့ ဝေေ၀ဆာဆာ တင်ပြလိုက်ပါသည်။


၁၀ ။ လင်ကွန်းဟာ ပထမဦးဆုံး လုပ်ကြံခံရတဲ့ အမေရိကန် သမ္မတ ဖြစ်သည်။


၁၈၆၅ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ ၀ါရှင်တန် ဒီစီ မှာရှိတဲ့ Ford's Theatre တွင် သရုပ်ဆောင်တစ်ဦး ဖြစ်သူ John Wilkes Booth ရဲ့ လက်ချက်ဖြင့် အမေရိကန်သမ္မကြီး အေဗရာဟင် လင်ကွန်း ဦးခေါင်းတွင် သေနာဒဏ်ရာ ရရှိခဲ့သည်။ ထို ဒဏ်ရာဖြင့်ပင် နောက်တစ်ရက် နံနက် ၇ နာရီ ၂၀ တွင် သေဆုံးသွားခဲ့သည်။ သူလုပ်ကြံသတ်ဖြတ် ခံရချိန်တွင် သမ္မတ အဖြစ် လေးနှစ် ( ၁၈၆၁-၁၈၆၅) တာဝန်ထမ်းဆောင်ခဲ့သည်။ သူမသေဆုံးမိ တပတ်အလိုလောက်က လင်ကွန်းသည် အိပ်မက်တစ်ခု မက်မြင်ခဲ့သည်။ အိပ်မက်ထဲတွင် အိမ်ဖြူတော် တွင်တစ်စုံတစ်ယောက် ငိုကြွေးနေသဖြင့် လင်ကွန်းက ဘယ်သူသေလို့ ငိုနေသလဲ မေးရာ ထိုသူမှ သမ္မတကြီး သေဆုံးသွား၍ ငိုကြွေးနေကြောင်းပြောသည်။ အခေါင်းထဲကို ကြည့်လိုက်တော့လည်း သေဆုံးသွားသူ၏ မျက်နှာမှာ သူ့မျက်နှာ ဖြစ်နေသည်။ လင်ကွန်းဟာ သူ့ မြစ် တော်သူ Robert Lincoln Beckwith ( ၁၉၈၅ တွင်သေဆုံး) အတွက် အမွေ လွှဲခဲ့သည်။ သူကတော့ အမွေ ထားခဲ့ခြင်း မရှိခဲ့ချေ။



၉ ။ လင်ကွန်းသည် စိတ်ဓာတ်ကျမှုတွေနှင့်အတူ ရုန်းကန်လှုပ်ရှားခဲ့ရသည်။


လင်ကွန်းဟာ ပုံပြင်ပြောကောင်းသူနဲ့ ပြောင်ချော်ချော် ဟာသတွေ လုပ်တက်သူအဖြစ် မိသားစုများနှင့် မိတ်ဆွေများကြား ထင်ရှားသော်လည်း ကိုယ်တိုင်မှာမူ အပြင်းအထန်စိတ်ဓာတ်ကျဆင်းမှု တွေကိုခံစားခဲ့ရသူဖြစ်သည်။ လင်ကွန်းဟာ အခမ်းအနားတွေနဲ့ လူထု ရှေ့မှာ မိမိကိုယ်ကို သတ်သေတဲ့ အကြောင်းတွေနဲ့ ခံစားချက်ပျင်းထန်သော ကဗျာများအလွတ်ရွတ်ဆိုပြတက်ပြီး မျက်ရည်လည်း ကျတက်သူဖြစ်သည်။ လင်ကွန်းရဲ့ အပေါင်းအပါတစ်ဦးဖြစ်သူ Henry Clay Whitney ကတော့ မစ္စတာလင်ကွန်း ရဲ့ ပေါ်လွင်ထင်ရှားသော၊ သိလွယ်မြင်လွယ်မှုနဲ့ စွဲစွဲမြဲမြဲ လုပ်တက်တာတွေဟာ သူရဲ့ ပဟေဠိဆန်ခြင်းနှင့် သိမ်သိမ်မွေ့မွေ့ စိတ်အားငယ်ချင်းတွေအတွက် ဘယ်လို အရိပ်အမြွတ်မှ ပြောလို့မရပါဘူး လို့ ပြောထားသည်။ လင်ကွန်းရဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ William Herdon ကတော့ သူစိတ်အားငယ်ခဲ့မှုတွေ မွေးဖွားလာတာက သူလမ်းစလျှောက်တက် ကတည်းလောက်ကလို့ ပြောသည်။


၈ ။ လင်းကွန်သည် တိရစ္ဆာန်ချစ်သူတစ်ယောက်ဖြစ်သည်။

လင်ကွန်းဟာ သန်သန်မာမာ နှင့် နပမ်းသမားကောင်း၊ ကျွမ်းကျင် ရထားသံလမ်းခွဲ ကောင်းတစ်ယောက် ဖြစ်သော်လည်း သူသည် အမဲလိုက်ခြင်းနှင့် ငါးဖမ်းခြင်းအမှုကို မှုမလုပ်ပေ။ လင်းကွန်သည် တိရစ္ဆာန်များကို သတ်ဖြတ်ခြင်းနှင့် နာကျင်အောင်ပြုလုပ်ခြင်းကို မနှစ်သက်သောကြောင့်ဖြစ်သည်။ အိမ်မွေးတိရစ္ဆာန် ချစ်တာနဲ့ ပတ်သက်လို့ လင်းကွန်းမှာ မြင်းတွေ ကြောင်တွေ ခွေးတွေ တင်မဟုတ်ပဲ ကြက်ဆင်တွေကို ပါမွေးမြူထားပါသည်။




၇ ။ ၁၈၆၂ ခုနှစ်နှင့် ၁၈၆၄ ခုနှစ် ၀န်းကျင်လောက်က Jersey City, N.J မှာ ထူးဆန်းတဲ့ မတော်တဆမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲ့ဒါကတော့ Edwin Booth က Robert Lincoln ရဲ့ အသက်ကို ကယ်ခဲ့ပါတယ်။ လူထုကြီးက ညဘက်မှာ နောက်ကျနေတဲ့ မလာနိုင်သေးတဲ့ ကားကို စောင့်စားနေစဉ် Robert က ရထားကို မှီပြီးရပ်နေပါသည်။ အဲ့ချိန်မှာပဲ ရထားက ရုတ်တရက်ထွက်သွားပြီး သူဟာ ခြေထောက်လွတ်သွားပြီး ရထားနဲ့ ပလတ်ဖောင်း ကြားကို ကျသွားပါတယ်။ Edwin Booth က အလျင်အမြန် ဘေးကင်းရာသို့ ဆွဲလိုက်နိုင်ပါတယ်။ Booth ဟာ သူ့ရဲ့နောက်မျိုးဆက်များအတွက် ထင်ရှားတဲ့ လူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သမိုင်းပညာရှင်များကလည်း Robert Lincoln ဟာ ဒီအဖြစ်အပျက်ကို သူ့မိဘတွေကို ခဏခဏ ပြောတယ်လို့ ကောက်ချက် ချကြပါတယ်။



၆ ။ လင်ကွန်းဟာ အရပ်အရှည်ဆုံး အမေရိကန် သမ္မတဖြစ်သည်။

တကယ်ကို အရပ်အရှည်ကြီးပါ။ လင်ကွန်းဟာ ၆ ပေ ၄ လက်မ နဲ့ အမေရိကန်ရဲ့ အရပ်အရှည်ဆုံး သမ္မတဖြစ် ပါသည်။( မီးဖိုချောင်မီးခိုးထွက်ပိုက်လို ဦးထုပ်မျိုးဆောင်းထားတဲ့ တာဝါကြီးလိုမြင့်တဲ့ ကြောက်စရာ ပုံသဏ္ဍာန်ကို မှန်းကြည့်နိုင်ပါတယ်) ပုံမှာ Antietam မှာ ၁၈၆၂ စက်တင်ဘာ ၁၇ ရက်နေ့ မှာ မီးခိုးထွက်ပိုက်လို ဦးထုပ်ကြီးမပါပဲနဲ့ကို တစ်ခြားလူများထက် ခေါင်းတစ်လုံး မြင့်နေတဲ့ လင်ကွန်းကို တွေ့နေရသည်။



၅ ။ လင်းကွန်းဟာ စာဖတ်အားကြီးတဲ့သူ ဖြစ်တဲ့အပြင် အောင်မြင်ဆုံးသော self-educated သမား တစ်ယောက်ဖြစ်သည်။

Abranam Lincoln ဟာ ကိုယ့်ဟာကို ပညာတက်ဖြစ်အောင် ကိုယ်တိုင်သင်ပညာရေးကို ကြိုးစားသင်ယူဖို့ ဆုံးဖြတ်ခဲ့ပြီး ကျော်ကြားအောင်မြင်ခဲ့သူ တစ်ယောက်ဖြစ်ပါသည်။ Kentucky တို့ Indiana တို့လို ဘာမှမရှိသော နေရက ကြီးပြင်းခဲ့ရပြီး သာမန်ပညာရေးကို ၁၈ လခန့်သာ သင်ကြားခဲ့ရသော လင်ကွန်းသည် စာအုပ်စာပေ ဖတ်ရှု့လေ့လာခွင့်နည်းခဲ့သည်။ ချာတိတ်တစ်ယောက်ဖြစ်တဲ့အတွက် ညဘက် မှာပဲ မီးအလင်းရောင်နဲ့ မိသားစု အိမ်ကျဉ်းကျဉ်းလေးထဲမှာ စာကို ဖတ်ခဲ့ရသည်။ သူ့အဖေက သူ့အတွက် နေ့စဉ်လုပ်ရသော အလုပ်လေးတစ်ခု ခွဲပေးနိုင်ခဲ့သောအခါ လင်ကွန်းသည် ABC ကျောင်းတစ်ကျောင်းကို တက်ခဲ့သည်။ ဒီလိုကျောင်းလေးတွေဟာ သစ်လုံးရှည်လေးတွေနဲ့ ဆောက်ထားတဲ့ အဆောင်ရှည်လေးတွေဖြစ်ပြီး သင်တဲ့ ဆရာများဟာလည်း ကျောင်းသာတွေထက် အနည်းငယ် ပိုပြီး ပညာတက်တယ်ဆိုရုံလောက်လေး တက်ကြပါတယ်။ လင်ကွန်းအဆို အရတော့ ဆရာဆရာမတွေဟာ ရေးတက်ဖတ်တက်သင်ပေးတက်ရုံထက် ပိုပြီးလိုအပ်တဲ့ အရည်အချင်းတွေ လိုအပ်လို့ ဆိုပါတယ်။

ဆက်ရန်ရှိသည်…

သူတော် ( ၂၂.၂.၂၀၀၉)


Saturday, February 21, 2009

စမ်းသပ်ကြည့်ခြင်း

ကျွန်တော် Windowe Live Writer နဲ့ စမ်းသပ်ရေးသားပြီး ပို့စ်တင်ကြည့်နေခြင်း ဖြစ်ပါသည်။ အဆင်ပြေပါက ဆက်လက်သုံးစွဲသွားဖို့ အစီအစဉ်ရှိပါသည်။ အားလုံးကို ကျေးဇူးတင်ပါသည်။

သူတော်

Test With window live writer

I’m now using window live writer and just testing from this.

Thu Taw